မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ သတိပေးသြဝါဒ

>> အစုန်လိုင်း လိုက်မယ်ဆိုရင်လည်း အစုန်လိုင်းသည် သံသရာထဲ နစ်ကြမြုတ်ကြမှာပါ။
>> အဆန်လိုင်း လိုက်လို့ရှိရင်လည်း အဆန်လိုင်းသည် အားကုန်လက်ပမ်းကျသွားရင် အစုန်အတိုင်း ပြန်ပြီးတော့သွားကြမှာ။

>> ဒီကဲ့သို့သွားလို့ရှိရင်လည်း တို့ဒကာ ဒကာမတို့ ဘုရားသာသနာနဲ့ တွေ့ရလည်း တွေ့ရကျိုးမနပ်၊ လူ့ဘဝနဲ့ကြုံရလည်း ကြုံရကျိုးမနပ်။

>> တို့သာသနာနဲ့ ကြုံရလို့ ကြုံရကျိုးမနပ်သလို တို့နောက်ကိုလိုက်၍ ရေပူရေချမ်းကမ်းလှမ်းနေလည်း ကမ်းလှမ်းရကျိုးနပ်မယ်အဟုတ်။

>> တို့ဒကာ ဒကာမပါ၊ တို့ရဲ့ဝေနေယျပါ၊ တို့ရဲ့သာဝကပါလို့ အမည်ခံသောလည်းပဲ တို့ကျင့်သလိုကျင့်၍ တို့သိသလိုသိအောင် တို့ခြေရာနင်း၍ မလိုက်ခဲ့လို့ရှိရင် သင်တို့လည်းပဲ တို့ရဲ့သာဝကအစစ်မဖြစ်၊ တို့ရဲ့ဒကာအစစ်မဖြစ်၊ တို့ရဲ့ဝေနေယျတွေမဖြစ် တို့ရဲ့အတွင်းနေပုဂ္ဂိုလ်မဖြစ်နိုင်၊ မဖြစ်နိုင်တဲ့အပြင် တို့နဲ့တွေ့ရကျိုး ကြုံရကျိုးမနပ်ပဲနဲ့ အချည်းအနှီးအလကားသာ ဖြစ်ကြလိမ့်မယ်။

>> အဲ့လိုမဖြစ်ကြရအောင် ရှေးကဿပဘုရားရှင်လက်ထက်တုံးက ရဟန်းတော်ခုနှစ်ပါးတို့ စွန့်လွှတ်စွန့်စားနဲ့ အသေခံပြီးကျင့်ခဲ့ကြသလို တို့ရဲ့ဒီရုပ် ဒီခန္ဒာလေး မသေခင်ကာလကလေးမှာ ကိုယ်ကျိုး ကိုယ့်စီးပွားရနိုင်သမျှရအောင် ကျိုးစားကြဖို့ နောက်ဆုံးသတိပေးပါတယ်။

>> ဒီလိုသတိပေးရခြင်းဟာ ဘာ့ကြောင့်တုံးဆိုတော့ ရနိုးနိုးနဲ့တို့နောက်လိုက်နေခြင်းကြောင့် သတိပေးရတာလည်းပါတယ်။ ပြီးတော့ တို့အကျင့်ကိုမခင်ပဲနဲ့ တို့ပုဂ္ဂိုလ်ကြီးကိုခင်တွယ်ပြီး လိုက်နေတဲ့အတွက်သတိပေးတာလည်း ပါတယ်။ အဲ့လိုတို့အကျင့်မခင် တို့ပုဂ္ဂိုလ်ကိုခင်လို့ နေရာလျှောက်လိုက်နေတဲ့အတွက် တို့မှာ ခရုကိုပက်ကျပိုးသကဲ့သို့ ဝန်လေးတဲ့အတွက် တို့အားထုတ်သင့် အားထုတ်ထိုက်တဲ့တရားတွေ အားမထုတ်ရပဲနဲ့ တို့အချိန်တွေ တို့အရွယ်တွေ အလကား အလဟသကုန်နေတာအတွက် ဒါအတွက်သတိပေးတာလည်းပါတယ်။

>> အဲ့တော့ တို့သတိပေးစကားတွေ တို့ဒကာ ဒကာမတွေ နားမှာသံမှိူစွဲသကဲ့သို့ တလေးတစားနာကြားပြီး တို့ကိုမျှော်နေမယ့်အစား တို့ကိုကပ်နေမယ့်အစား တို့နောက်လိုက်နေမယ့်အစား တို့ဟောထား ပြောထား လမ်းညွှန်ထားတဲ့ ဘုရားရှင်ရဲ့တရားတော်များကို ရိုရိုသေသေနဲ့လိုက်နာ၍ ကြိုးစားကြဖို့ ဒီကနေသတိပေးချင်တာပါ။

>> ဒါကိုပဲ အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ၊ အတ္တနာဟိ သုဒန္တေန နာထံ လဘတိ ဒုလ္လဘံ၊ ဆိုတဲ့ ဘုရားဟောတရားတော်နဲ့ညီအောင် ကျင့်ဆောင်ဖို့ သတိပေးတယ်လို့မှတ်ကြပါ။

>> တို့ဒကာ ဒကာမများ ကိုယ်ကျိုးကို အားထုတ်ကြပါ။ အသက်ကိုမငဲ့ပါနဲ့။ အလကားနေရင်း အသက်ကုန်တာထက် တရားအားထုတ်ရင်းအသက်ကုန်တာဟာ အကာပစ်၍ အနှစ်ရှာသော ဘုရားသာဝကဖြစ်ပါသည်။ အကာပစ်၍အနှစ်ရှာသော တို့များရဲ့သာဝကဖြစ်ပါသည်။ အဲ့သလို တို့များရဲ့သာဝကအစစ် ဘုရားရဲ့သာသနာအစစ်ဖြစ်ကြလေအောင် ရှေးသူတော်ကောင်းများ အားထုတ်နည်းအတိုင်း အားထုတ်ကြအောင် တို့ဒကာ ဒကာမတွေကို တို့ကနေပြီး သတိပေးခြင်းဖြစ်သည်။

>> ဤသတိပေးချက်ကို တို့ဒကာ ဒကာများ နားသံမှိူနှစ်သကဲ့သို့ ကြိုးကြိုးစားစားနားထောင်ပြီး ကျင့်ကြပါ၊ ကြံကြပါ၊ အားထုတ်ကြပါ။ တို့လိုကျင့်ကြ အားထုတ်ကြမယ်ဆိုရင် ဘုရားရှင်ရဲ့သာသနာနဲ့တွေ့ရကျိုး တို့များနဲ့တွေ့ရကျိုး နပ်ပါပြီ။ သင်တို့သည် လူ့ဘဝရောက်ရကျိုးလည်း နပ်ပါပြီ။ သင်တို့သည် လှူရကျိုး တန်းရကျိုးလည်း နပ်ပါမည်။ သင်တို့သည် သာသနာမှီခိုရကျိုးလည်း နပ်ပါမည်။ သင်တို့သည် အားထုတ်ရကျိုးလည်း နပ်ပါမည်။

>> ထိုကဲ့သို့နပ်ကြရအောင် သင်တို့သည် သူတော်ကောင်းတို့ရဲ့အတုကိုလိုက်၍ ကိုယ်ကျိုးကိုမငဲ့ သင်တို့ရဲ့အကျိုးကိုငဲ့၍ သတိပေးရပါသည်။ တို့သတိပေးချက်ကို တလေးတစား အလေးထားပြီး ကြိုးစားကြပါ၊ လိုက်နာကြပါ။

နာကြားရန် အသံဖိုင်