ဗုဒ္ဓအလိုကျ နေထိုင်နည်း

လူ့ဘဝတွင် နေထိုင်နည်းအမျိုးမျိုး ရှိသည့်အထဲကမှ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့သည့် အကောင်းဆုံးနေထိုင်နည်း ဖြစ်ဖို့ရန်
သဒ္ဒါ ဝီရိယ သတိ ပညာ သမာဓိ ဆိုသည့် အခြေခံတရား(၅)မျိုးရှိရမယ်။
အဲ့(၅)မျိုးမှမရှိလို့ရင် မှန်ကန်တဲ့နေနည်း အောင်အောင်မြင်မြင်ဖြစ်မှာ မဟုတ်ဘူး။ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းဆိုသည် သဒ္ဒါတရား
သဒ္ဒါဆိုတာက ယုံကြည်တာလေးတင် သဒ္ဒါလို့ဆိုတာမဟုတ်ဘူး။
ကုသိုလ်ကောင်းမှုအပေါ်မှာ စိတ်ဝင်စားတာလည်း သဒ္ဒါပဲ။
သဒ္ဒါတရား ဖြစ်နေလို့ရှိရင် စိတ်ဟာ ကြည်နူးနေတယ်။
အဲ့ဒီကြည်နူးနေတဲ့အချိန်မှာဆို နိဝရဏတရားတွေ မရှိဘူး။
သဒ္ဒါတရားစိတ်အစဉ်မှာဖြစ်နေရင် မိမိစိတ်ဟာ ကြည်လင်ပြီးနေတယ်။
အဲ့လို စိတ်အစဉ်ကို ကြည်လင်စေတဲ့ သဒ္ဒါတရား ရှိဖို့လိုတယ်။

နောက်တစ်ခုက ဝီရိယ။
ဘယ်ကိစ္စပဲလုပ်လုပ် ကာယိကဝီရိယ စေတသိကဝီရိယဆိုတဲ့ ဝီရိယတရားရှိမှ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ်။
ဒီနေရာမှာ ဗုဒ္ဓဘုရားရှင်ဆိုလိုသည့် ဝီရိယကတော့ မိမိထံမှာ မကောင်းကျိုးကိုပေးတတ်သည့် အကုသိုလ် အဆိုးတရားများကို ဖယ်ရှားဖို့ လုံ့လဝီရိယရှိရမယ်။
ကောင်းကျိုးချမ်းသာကို ဖြစ်ပွားစေတဲ့ ကုသိုလ်တရားတွေ မိမိထံမှာဖြစ်ပွားစေဖို့ လုံလဝီရိယရှိရမယ်။
အဲ့ဒီလုံလ ဝီရိယမျိုးကို ဆိုလိုပါတယ်။

နောက်တစ်ခုက သတိတဲ့။
သတိဆိုတာ ကုသိုလ်စိတ်နဲ့ပဲ ယှဉ်တယ်။ အကုသိုလ်စိတ်နဲ့ မယှဉ်ဘူး။
ကုသိုလ်ကောင်းမှုတွေပြုဖို့ အမှတ်ရနေတဲ့ သတိ။
မိမိထံမှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့တရားတွေကို အမှတ်ရနေစေမယ့် သတိမျိုး။
ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ စတဲ့ သတိပဌာန်တရား(၄)ပါးနှင့် ယှဉ်သည့်တသိမျိုး။
အဲ့ဒီသတိရှိရမယ်။ သတိမရှိရင်လည်း မအောင်မြင်နိုင်ဘူး။

နောက်တစ်ခုက သမာဓိ။
သမာဓိဆိုတာ စိတ်တည်ငြိမ်မှု။
အဆင့်မြင့်သွားလို့ရှိရင် ပထမဈာန် ဒုတိယဈာန် တတိယဈန် စတုတ္ထဈာန် ပဉ္စမဈာန်စတဲ့ ဈာန်တွေရလာပြီဆို နိဝရဏတရားတွေကင်းကွာပြီး အာရုံစူးစိုက်ပြီးရှု့နိုင်တဲ့ ဈာန်တရား။
အဲ့ဒီဈာန်နဲ့ယှဉ်သည့် သမာဓိလည်းရှိရမယ်။
ဒါ အဆင့်မြင့်ဆုံးကိုပြောတာ။

နောက်အခြေခံတရားတစ်ခုက ပညာ။
အဲ့ပညာဆိုတာ အဖြစ်အပျက်တွေကိုသိနိုင်တဲ့၊ ကိလေသာအစိုင်အခဲတွေကို ဖောက်ခွဲနိုင်တဲ့၊ ထိုးထွင်းသိနိုင်တဲ့ အသိဉာဏ်မျိုးတဲ့။

မြတ်စွာဘုရားရှင်ဟာ အကောင်းဆုံးနေနည်းထိုင်နည်းဖြစ်ဖို့ရန်
သဒ္ဒါ ဝီရိယ သတိ ပညာ သမာဓိဆိုတဲ့ အခြေခံတရား(၅)မျိုးကို ခိုင်ခိုင်မာမာရပ်တည်ပြီးနောက်မှာ အောက်ပါတရား(၆)မျိုးကို ပိုမိုတိုးတက်လာအောင် ပွားများခြင်းဖြင့် နေထိုင်ပါတဲ့။

အဲ့ဒီ တိုးတက်အောင်ပွားများကျင့်ကြံရမည့် တရား(၆)မျိုးကတော့ –
(၁) ဗုဒ္ဓါနုဿတိကို ပွားများ၍နေထိုင်ခြင်း၊
(၂) ဓမ္မာနုဿတိကို ပွားများ၍နေထိုင်ခြင်း၊
(၃) သံဃာနုဿတိကို ပွားများ၍နေထိုင်ခြင်း၊
(၄) သီလာနုဿတိကို ပွှားများ၍နေထိုင်ခြင်း၊
(၅) စာဂါနုဿတိကို ပွှားများ၍နေထိုင်ခြင်း၊
(၆) ဒေဝတာနုဿတိကို ပွားများ၍နေထိုင်ခြင်း၊ တို့ပါ။

အရည်အချင်းအားဖြင့် ရှိရမယ့်အခြေခံတရားတွေက သဒ္ဒါ၊ ဝီရိယ၊ သတိ၊ ပညာ၊ သမာဓိ ဆိုတဲ့ တရား(၅)မျိုး။

ကျင့်ကြံပွားများရမယ့် တရားတွေက ဗုဒ္ဓါနုဿသတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ ဆိုတဲ့ တရား(၆)မျိုး။

(၁) ဗုဒ္ဓါ နုဿတိဆိုတာ ဘုရား၏ဂုဏ်တော်ကျေးဇူးတော်များကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၂) ဓမ္မာ နုဿတိဆိုတာ တရား၏ဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၃) သံဃာ နုဿတိဆိုတာ သံဃာဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၄) သီလာနုသတိဆိုတာ မိမိစောင့်ထိန်းသောသီလဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၅) စာဂါနုဿတိဆိုတာ လှူဒါန်းခြင်း ဒါနဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၆) ဒေဝတာ နုဿတိဆိုတာ နတ်တို့ကို သက်သေပုံထား၍ နတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်သောသဒ္ဓါ သီလ သုတ စာဂ ပညာ စသောမိမိ၏ကုသိုလ်တရားကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း တို့ပဲဖြစ်ပါတယ်။

ဒါကြောင့်
ဗုဒ္ဓအလိုတော်ကျ နေထိုင်နည်းဆိုတာ –
မိမိတို့ထံမှာ သဒ္ဒါတရား ဝီရိယတရား သတိတရား ပညာတရား သမာဓိတရားဆိုတဲ့ အခြေခံတရား(၅)မျိုးကို ခိုင်ခိုင်မာမာထားပြီးတော့
ဗုဒ္ဓါနုဿတိကို ပွားများ၍နေထိုင်ခြင်း၊
ဓမ္မာနုဿတိကို ပွားများ၍နေထိုင်ခြင်း၊
သံဃာနုဿတိကို ပွားများ၍နေထိုင်ခြင်း၊
သီလာနုဿတိကို ပွှားများ၍နေထိုင်ခြင်း၊
စာဂါနုဿတိကို ပွှားများ၍နေထိုင်ခြင်း၊
ဒေဝတာနုဿတိကို ပွားများ၍နေထိုင်ခြင်း၊
စတဲ့တရားတွေကို မိမိထံမှာ ပိုမိုတိုးပွားလာအောင်လာအောင် ကျင့်ကြံနေထိုင်ခြင်းကို ဆိုပါတယ်။

အဲ့သလိုနေခြင်းဟာဖြင့် လောကမှာ အင်မတန်အကျိုးရှိသည့်နေခြင်းသာ ဖြစ်သည်လို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်မှ ဟောကြားတော်မူခဲ့ပါတယ်။

[ဒေါက်တာနန္ဒမာလာဘိဝံသ] 🙏🙏🙏

[ ဓမ္မဒါနအဖြစ် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
ဣဓံမေပုညံ နိဗ္ဗာနဿ ပစ္စယောဟောတု ]